The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

အခန်း(၈) ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေး

၅၇။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများအား လိုင်စင်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည်။ ထို့ပြင်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ယင်းတို့၏ ကြွေးမြီပေးဆပ်နိုင်မှုနှင့် လုပ်ငန်းခိုင်မာမှုတို့ ပိုမိုကောင်းမွန်စေရန် လိုအပ်သလို ညွှန်ကြားနိုင်သည်။

၅၈။ ဗဟိုဘဏ်သည် အခါအားလျော်စွာ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအား ယင်းတို့၏အပ်ငွေများနှင့် အလားတူပေးရန်တာဝန်များအတွက် သီးသန့်ငွေများနှင့် သတ်မှတ်ထားသော ငွေဖြစ်လွယ်သည့်ရရန်ပိုင်ခွင့်များကို အောက်ပါအတိုင်း ထားရှိစေနိုင်သည်-
(က) သီးသန့်ငွေများကို ငွေသားဖြင့်ဖြစ်စေ၊ ဗဟိုဘဏ်ရှိအပ်ငွေများဖြင့်ဖြစ်စေ၊ ယင်းနှစ်ရပ်ပေါင်းဖြင့်ဖြစ်စေ ဗဟိုဘဏ်က အခါအားလျော်စွာသတ်မှတ်သည့် အချိုးအစားအတိုင်းထားရှိရမည်၊
(ခ) ငွေဖြစ်လွယ်သောရရန်ပိုင်ခွင့်များတွင် ဗဟိုဘဏ်ကသတ်မှတ်သည့် အမျိုးအစားနှင့်ပမာဏအလိုက် ပေါင်နှံ ထားခြင်း သို့မဟုတ် တောင်းခံပိုင်ခွင့်တို့မှကင်းရှင်း၍ လွတ်လပ်စွာလွဲှပြောင်းပေးနိုင်သော ရရန်ပိုင်ခွင့်များ ပါဝင်ရမည်။

၅၉။ ဗဟိုဘဏ်သည် အပ်ငွေအမျိုးမျိုးနှင့် အလားတူပေးရန်တာဝန်များအတွက် ငွေကြေးလွယ်ကူမှုအမျိုးမျိုးနှင့် သီးသန့်ငွေ အချိုးများကို သတ်မှတ်နိုင်သည့်အပြင် ယင်းတို့ကိုတွက်ချက်သည့်နည်းလမ်းကိုလည်း သတ်မှတ်နိုင်သည်။ သို့ရာတွင် ယင်းလိုအပ်သောအချိုးများနှင့် တွက်ချက်သည့်နည်းလမ်းတို့သည် အမျိုးတူအဖွဲ့အစည်းအားလုံးအတွက် တစ်ပြေးညီဖြစ်စေ ရမည်။

၆၀။ ဗဟိုဘဏ်သည် ပုဒ်မ ၅၈ နှင့် ပုဒ်မ ၅၉ တို့အရ သတ်မှတ်ပေးသည့်အချိုးနှင့်အညီ လိုအပ်သောသီးသန့်ငွေများ သို့မဟုတ် သတ်မှတ်ချက်အတိုင်းဖြစ်သော ငွေဖြစ်လွယ်သည့်ရရန်ပိုင်ခွင့်များထားရှိခြင်းမှ ပျက်ကွက်သည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုထံမှ ယင်း၏ငွေဖြစ်လွယ်သောရရန်ပိုင်ခွင့်များ သို့မဟုတ် လိုအပ်သောသီးသန့်ငွေများ ပြည့်မီစေရန် လျော့နည်းသည့် ငွေပမာဏအပေါ်တွင် တစ်နေ့လျှင် တစ်ရာခိုင်နှုန်း၏ ငါးပုံတစ်ပုံထက်မကျော်လွန်သော ဒဏ်ကြေးကို လျော့နည်းငွေများပြည့်မီသည့်နေ့အထိ တပ်ရိုက်တောင်းခံရယူနိုင်သည်။

၆၁။ ဗဟိုဘဏ်သည် အမျိုးတူငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းအားလုံးတို့နှင့် စပ်လျဉ်း၍ အောက်ပါတို့ကိုသတ်မှတ်နိုင်သည်-
(က) အပ်ငွေအမျိုးအစားတစ်ခုခု သို့မဟုတ် အလားတူပေးရန်တာဝန်များအပေါ်တွင် ပေးရမည့်အနည်းဆုံး အတိုးနှုန်းနှင့် တွက်ချက်သည့်နည်းလမ်းများ သတ်မှတ်ခြင်း၊
(ခ) အောက်ဖော်ပြပါလုပ်ငန်းဆောင်ရွက်မှုများအတွက် ခွင့်ပြုသည့်သုံးစွဲမှုများ၊ အသုံးပြုရမည့်အချိုးများ၊ အများဆုံးစုစုပေါင်းကန့်သတ်ချက်များ၊ ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့်သာ ကျော်လွန်နိုင်မည့်အများဆုံး ငွေပမာဏများ၊ လိုအပ်သောအာမခံမှုများ၊ အများဆုံးအချိန်စေ့ရောက်သည့်သက်တမ်းသတ်မှတ်ချက်များနှင့် တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းများကို သတ်မှတ်ခြင်း-
(၁) ချေးငွေအနေဖြင့်ဖြစ်စေ၊ စာရင်းပိုထုတ်ငွေအနေဖြင့်ဖြစ်စေ ချေးငွေအမျိုးမျိုးထုတ်ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးပြုလုပ်ခြင်း၊
(၂) ငွေပေးအမိန့်လက်မှတ်များ၊ ငွေပေးကတိစာချုပ်များ သို့မဟုတ် အခြားကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာ ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ စသည့်အမျိုးအစားတစ်ခုခုကို လျှော့နှုန်းဖြင့်လဲလှယ်ခြင်း၊
(၃) ပေးရန်တာဝန်ကိုလက်ခံခြင်းနှင့် အခြားချေးငွေအမျိုးအစားတစ်ခုခုကို ထုတ်ပေးခြင်း။
(ဂ) အသုံးပြုရမည့်အချိုးများကို အောက်ပါအတိုင်းသတ်မှတ်ခြင်း-
(၁) ယေဘုယျအားဖြင့် ကိုယ်ပိုင်မတည်ငွေရင်း၊ အပ်ငွေစသည်တို့ဖြစ်သော ရရန်ပိုင်ခွင့်နှင့်ပေးရန် တာဝန်များကိုလက်ခံခြင်းနှင့် အာမခံထုတ်ပေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အခြားပေးရန်တာဝန် တို့ပါဝင်သော ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန်အချိုးများ၊
(၂) အထူးအားဖြင့် ပုဒမခွဲငယ်(၁)တွင်ပါရှိသည့် ကိုယ်ပိုင်မတည်ငွေရင်းနှင့် အချို့သောခွင့်ပြုလုပ်ငန်းများ ၏ ပါဝင်ပေါင်းစပ်မှုနှင့် အချိုးများ၊ ယင်းခွင့်ပြုလုပ်ငန်းများမှာ အစုရှယ်ယာများ၊ သဘောတူစာချုပ်များ သို့မဟုတ် ပြည်သူ့ကြွေးမြီဆိုင်ရာ ငွေချေးစာချုပ်များနှင့်စပ်လျဉ်း၍အာမခံခြင်း၊ ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများမှ ထုတ်ဝေသော အစုရှယ်ယာများ သို့မဟုတ် ငွေချေးစာချုပ်များရယူခြင်းနှင့် တရားဝင်အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းတစ်ခုတည်းသို့ ချေးငွေထုတ်ပေးခြင်း အစရှိသော လုပ်ငန်းများဖြစ်သည်။
(ဃ) ငွေရေးကြေးရေးအဖွဲ့အစည်းအချင်းချင်း သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အများပြည်သူတို့ပြုလုပ် သော အပေးအယူပြုလုပ်မှုအမျိုးအစားတစ်ခုခုအတွက် အနည်းဆုံးနှင့်အများဆုံးကောက်ခံရမည့် ကော်မရှင် များ၊ ဝန်ဆောင်ခများနှင့် အခြားအခကြေးငွေများသတ်မှတ်ခြင်း၊
(င) ဘဏ်များက ငွေလွဲှစာတမ်းဖွင့်လှစ်ခြင်းအတွက် အနည်းဆုံးကောက်ခံရမည့် ငွေသားရာခိုင်နှုန်းသတ်မှတ် ခြင်း။

၆၂။ ပုဒ်မ ၆၁ အရ ဗဟိုဘဏ်၏ အရေးယူဆောင်ရွက်မှုတစ်ခုခုသည် အမျိုးတူငွေရေးကြေးရေး အဖွဲ့အစည်းအားလုံးကို ခွဲခြားခြင်းမပြုဘဲ တစ်ပြေးညီဖြစ်စေရမည်။ ထို့ပြင် ပုဒ်မ ၆၁ အရ အရေးယူဆောင်ရွက်မှုသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်ခြင်းမရှိစေရ။

၆၃။ ဗဟိုဘဏ်သည် ပုဂ္ဂိုလ်တစ်ဦး၏လုပ်ငန်းဆောင်ရွက်မှုတွင် အများပြည်သူထံမှ အပ်ငွေများလက်ခံခြင်း သို့မဟုတ် ချေးငွေများထုတ်ပေးခြင်း လုပ်ငန်းပမာဏ များစွာပါဝင်နေသည်ဟု ယူဆလျှင် အစိုးရ၏ခွင့်ပြုချက်ဖြင့် ထိုသူအား ပုဒ်မ ၆၁ ပါ မည်သည့်သတ်မှတ်ချက်ကိုမဆို လိုက်နာရန် စာဖြင့်အကြောင်းကြားနိုင်သည်။

၆၄။ ဗဟိုဘဏ်သည် ပုဒ်မ ၆၃ ပါ အခြေအနေများ ပေါ်ပေါက်လာခြင်းကြောင့် ပုဒ်မ ၆၁ပါ ပြဋ္ဌာန်းချက်အရ အရေးယူရန် လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦးသည် ချေးငွေများကို ထုတ်ပေးခဲ့ကြောင်း သို့မဟုတ် ထုတ်ပေးလျက်ရှိကြောင်း သို့မဟုတ် အပ်ငွေများကို လက်ခံခဲ့ကြောင်း သို့မဟုတ် လက်ခံလျက်ရှိကြောင်း ယုံကြည်လောက်သော အကြောင်းအချက်ရှိလျှင်သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်၏စာရင်းများ၊ စာအုပ်များနှင့် မှတ်တမ်းများကို တောင်းယူ၍ စစ်ဆေးနိုင်သည်။

၆၅။ ဗဟိုဘဏ်၏ အကြောင်းကြားစာပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်သော မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းမဆို ဤဥပဒေပါပြဌာန်းချက်များအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် စပ်လျဉ်းသည့် အခြားဥပဒေများအရလည်းကောင်း ဒဏ်ကြေးတပ်ရိုက်ခြင်းခံရမည်။

၆၆။ ဘဏ်တစ်ခုအတွက် လိုအပ်သော သီးသန့်ငွေများသည် ယင်း၏စုစုပေါင်းပေးရန်တာဝန်များ၏ ၃၅ ရာခိုင်နှုန်းထက်မပိုစေရ။ သို့ရာတွင် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှု မြင့်မားနေသည်ဟု ယူဆလျှင် လိုအပ်သော သီးသန့်ငွေ အများဆုံးထားရှိရမည့် ၃၅ ရာခိုင်နှုန်း ကန့်သတ်ချက်ကို တိုးမြှင့်နိုင်သည်။ ဤသို့သောကိစ္စရပ်၌ ၃၅ ရာခိုင်နှုန်း ကန့်သတ်ချက်ထက်ကျော်လွန်သည့် လိုအပ်သောသီးသန့်ငွေများအပေါ်တွင် ဗဟိုဘဏ်ကအတိုးပေးရမည်။ သို့ရာတွင် ယင်းအတိုးနှုန်းသည် ဗဟိုဘဏ်၏ အနည်းဆုံး လျှော့နှုန်းထက်မပိုစေရ။

၆၇။ အနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုအပ်ချက်များ၏ ပြောင်းလဲမှုများသည် အဖွဲ့ကသတ်မှတ်သည့်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိစေရမည်။ သို့ရာတွင် ယင်းသတ်မှတ်နေ့ရက်သည် ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်သည်မှ ၁၄ရက် ထက်မစောသောရက်ဖြစ်ရမည်။

၆၈။ (က) ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ဗဟိုဘဏ်က ယင်း၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အလို့ငှာ လိုအပ်မည့်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ကာလအပိုင်းအခြားအလိုက် တောင်းဆိုသည့်အတိုင်း ပေးပို့ရမည်၊
(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ(က)အရ ပေးပို့ရရှိထားသော အချက်အလက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း မိမိကသင့်လျော်သည်ဟု ယူဆသည့်ကာလအပိုင်းအခြားများ တွင် တစ်ပေါင်းတစ်စည်းတည်း ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် အများပြည်သူနှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကိုမူ ထုတ်ဖော်ကြေညာခြင်းမပြုရ။

၆၉။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် အခါအားလျော်စွာသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ စာရင်းများဖွင့်လှစ်၍အပ်ငွေများလက်ခံနိုင်သည်။

၇၀။ ဗဟိုဘဏ်သည် အဖွဲ့မှ အခါအားလျော်စွာသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ပုဒ်မ ၆၉ အရ စာရင်းဖွင့်လှစ် အပ်နှံသော စာရင်းပိုင်ရှင်များထံမှ အောက်ပါတို့ကိုဝယ်ယူခြင်း၊ ယင်းတို့အားရောင်းချခြင်းနှင့် ယင်းတို့အတွက်လျှော့နှုန်းဖြင့် လဲလှယ်ခြင်းနှင့် တစ်ဆင့်လျှော့နှုန်းဖြင့်လဲလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်-
(က) အနည်းဆုံးဘဏ်တစ်ခုက ပါဝင်လက်မှတ်ရေးထိုးထားသော နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပို၍ထပ်ဆင့် လက်မှတ်ရေးထိုးထားပြီး ဗဟိုဘဏ်က လက်ခံရရှိသည့်ရက်မှ ၁၈၄ ရက်အတွင်း အချိန်စေ့ရောက်မည့် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှု သို့မဟုတ် စိုက်ပျိုးရေးဆိုင်ရာကိစ္စများအတွက်ဖြစ်သော ငွေပေး အမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ၊
(ခ) အများပြည်သူသို့ ထုတ်ဝေရောင်းချထားသော ငွေတိုက်လက်မှတ်များ သို့မဟုတ် အစိုးရကထုတ်ဝေသည့် သို့မဟုတ် အာမခံသည့် အခြားငွေချေးသက်သေခံလက်မှတ်များ၊
(ဂ) ဗဟိုဘဏ်ကထုတ်ပေးထားသော ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများ။

၇၁။ ဗဟိုဘဏ်သည် မိမိထံတွင် စာရင်းဖွင့်ထားသူများအား အခါအားလျော်စွာသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ အချိန်ကာလအားဖြင့် ၉၂ ရက်ထက်မပိုသော ချေးငွေများကို အောက်ပါအတိုင်းထုတ်ပေးနိုင်သည်-
(က) အောက်ပါတို့ကိုအာမခံအဖြစ်ရယူ၍ ထုတ်ချေးခြင်း၊
(၁) ပုဒ်မ ၇၀ ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် (ဂ) တို့တွင်ဖော်ပြထားသော စာချုပ်စာတမ်းများ၊
(၂) အာမခံထားရှိပြီးဖြစ်သော ကုန်ပစ္စည်းများအတွက် ထုတ်ပေးထားသော ကုန်သိုလှောင်ရုံပြေစာ များနှင့် အခြားပိုင်ဆိုင်မှုကိုဖော်ပြသည့် စာရွက်စာတမ်းများ၊
(၃) ဤဥပဒေအရ ဗဟိုဘဏ်ကဝယ်ယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်းတို့ ပြုလုပ်ခွင့်ရှိသော လက်ဝယ်ရှိ ရရန်ပိုင်ခွင့်တစ်မျိုးမျိုး။
(ခ) အများပြည်သူအကျိုးကို သယ်ပိုးဆောင်ရွက်ရန်နှင့် ငွေချေးသူ၏ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်အလို့ငှာ အထူးကိစ္စရပ်များတွင် ချေးငွေထုတ်ပေးရန်လိုအပ်သည်ဟု ယူဆသည့်အခါ သတ်မှတ်ပေး ရမည့် အထူးစည်းကမ်းချက်များနှင့်အညီ အဆိုပါ အခြားရရန်ပိုင်ခွင့်များကို အာမခံအဖြစ်ရယူ၍သော် လည်းကောင်း၊ အာမခံရယူခြင်းမပြုဘဲသော်လည်းကောင်း ထုတ်ချေးခြင်း။

၇၂။ ဗဟိုဘဏ်သည်နိုင်ငံတော်အတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ရုံးချုပ်များနှင့် နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ပင်မရုံးခွဲကိုသာ ငွေထုတ်ချေးရမည်။

၇၃။ ဗဟိုဘဏ်သည် မိမိ၏လျှော့နှုန်းများ၊ တစ်ဆင့်လျှော့နှုန်းများနှင့် ချေးငွေအပေါ်အတိုးနှုန်းများကို အခါအားလျော်စွာ သတ်မှတ်ကြေညာရမည်။ ထို့ပြင် အပေးအယူပြုလုပ်မှုအမျိုးမျိုး သို့မဟုတ် အချိန်စေ့ရောက်မှုများ သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်မျိုးမျိုးအတွက် ခြားနားနှုန်းများနှင့် အမြင့်ဆုံးကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်။

၇၄။ ဗဟိုဘဏ်သည် ချက်လက်မှတ်များနှင့်ငွေပေးချေမှုအဖြစ်အသုံးပြုသည့် အခြားစာချုပ်စာတမ်းများကို စာရင်းရှင်းလင်း ပေးရန် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အစီအစဉ်များ ပြုလုပ်ပေးနိုင်သည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 26th March 2020

Reference Exchange rate
(WA market rate)
1,397.0
Interbank Market WA rate 1,401.0
Bank-customer Market WA rate

1,391.1

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၉.၅%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၇.၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၂.၅%

တစ်နှစ်လျင် ၁၅.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(January 2020)
9.06 %
Year on Year Inflation
(January 2020)
9.09 %

     Source : Ministry of Planning and Finance