၃၉။ ပြည်တွင်းသုံးငွေ၏ အခြေခံယူနစ်သည် “ကျပ်” ဖြစ်ရမည်။ ငွေတစ်ကျပ်ကို အပိုင်းတစ်ရာပိုင်း၍တစ်ပိုင်းကို တစ်ပြားဟုခေါ်ရမည်။ ထိုသုံးငွေများအတွက် အင်္ဂလိပ်ဘာသာသင်္ကေတများသည် “K” နှင့် “P”ဟု အသီးသီးဖြစ်ရမည်။
၄၀။ (က) ဗဟိုဘဏ်တစ်ဦးတည်းကသာလျှင် ငွေစက္ကူနှင့်ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်။ ဗဟိုဘဏ်မှထုတ်သော ငွေစက္ကူများနှင့် ဒင်္ဂါးများသည် နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားဝင်ငွေအဖြစ် တည်ရှိစေရမည်၊
(ခ) ငွေသားပေးချေမှု ပြုလုပ်ရာတွင်-
(၁) ငွေစက္ကူများဖြစ်ပါက မည့်သည့်ငွေပမာဏကိုမဆို ပေးချေနိုင်သည်၊
(၂) ဒင်္ဂါးများဖြစ်ပါက လက်ခံသူသည် အနည်းဆုံးငွေစက္ကူတန်ဖိုး၏ အဆနှစ်ရာထက်ကျော်လွန်သော ငွေကို လက်ခံရန် ငြင်းပယ်နိုင်ခွင့်ရှိသည်။
၄၁။ ဥပဒေနှင့်အညီ ငွေကြေးနှင့်စပ်လျဉ်းသည့် သို့မဟုတ် ငွေကြေးဖြင့်ပေးရန်ရှိသည့် စာချုပ်စာတမ်း၊ အပေးအယူပြုလုပ်မှု သို့မဟုတ် ကြွေးမြီတာဝန်တစ်ခုခုတွင် နိုင်ငံခြားသုံးငွေဖြင့်ပြုလုပ်ကြောင်း အတိအလင်းသဘောတူညီချက်မရှိခဲ့လျှင် ယင်းကိုနိုင်ငံတော်အတွင်းတွင် ကျပ်ငွေဖြင့်ပြုလုပ်သည်ဟုမှတ်ယူရမည်။
၄၂။ ဗဟိုဘဏ်မှတစ်ပါး မည်သူမဆို အသွင်အပြင်သဏ္ဌာန်အားဖြင့် တရားဝင်သုံးစွဲငွေကဲ့သို့ အသုံးချနိုင်သော ငွေစက္ကူများ၊ ဒင်္ဂါးများ သို့မဟုတ် တောင်းဆိုသည့်အခါ ကိုင်ဆောင်သူသို့ ပေးချေရမည်ဖြစ်သော စာချုပ်စာတမ်းတစ်မျိုးမျိုး သို့မဟုတ် အရာဝတ္တုများကို ထုတ်လုပ်သုံးစွဲလျှင် ဤဥပဒေအရ ပြစ်ဒဏ်ကျခံစေနိုင်သော ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။ လက်ဝယ်ရှိသူက တောင်းဆိုသည့်အခါ ငွေပေးချေရမည့် ချက်လက်မှတ်များနှင့် ငွေလွှဲလက်မှတ်များကို ဤပုဒ်မအလို့ငှာ ငွေစက္ကူကဲ့သို့ အသုံးချနိုင်သော စာချုုပ်စာတမ်းများဟူ၍ မမှတ်ယူရ။
၄၃။ ဗဟိုဘဏ်သည် ငွေစက္ကူများပုံနှိပ်ခြင်း၊ ဒင်္ဂါးများသွန်းလောင်းခြင်း၊ ထုတ်ဝေရန်ထားရှိသည့် ငွေစက္ကူများနှင့် ဒင်္ဂါးများကို လုံခြုံစွာသိုလှောင်ထားရှိခြင်းနှင့် ငွေစက္ကူပုံနှိပ်ပလိပ်ပြားများ၊ ဒင်္ဂါးညှပ်ပုံများနှင့် ပြန်လည်ရုပ်သိမ်းထားသည့် ငွေစက္ကူများနှင့် ဒင်္ဂါးများကို လိုအပ်သလိုသိုလှောင်ထားခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် စီစဉ်ဆောင်ရွက်ရမည်။
၄၄။ ငွေစက္ကူများနှင့် ဒင်္ဂါးများ၏တန်ဖိုး၊ အဆင်အပြင်၊ ဖွဲ့စည်းပါဝင်သည့် ဝတ္တုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများသည် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဗဟိုဘဏ်ကသတ်မှတ်သည့်အတိုင်း ဖြစ်ရမည်။
၄၅။ ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲနေသော မည်သည့်ငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများကိုမဆိုရုပ်သိမ်းရန်လိုအပ်ပါက အစိုးရ၏ခွင့်ပြုချက်ဖြင့်အများပြည်သူသို့ ကြေညာချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများအတွက် တန်ဖိုးအလိုက်လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်။ ကြေညာချက်ပါသတ်မှတ်ရက် ကုန်ဆုံးသည့်အခါတွင် ယင်းကြေညာချက်ဖြင့် ပြန်လည်ရုပ်သိမ်းမည့်ငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများသည်တရားဝင်ငွေအဖြစ်မှ ရပ်စဲပြီးဖြစ်ရမည်။ သို့ရာတွင် ဗဟိုဘဏ်ကကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ ၅ နှစ်ထက်မများသော ကာလအပိုင်းအခြားကို သတ်မှတ်ပေးပြီး ယင်းအချိန်ကာလအတွင်း အဆိုပါငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများတန်ဖိုးကို တင်ပြလဲလှယ်နိုင်ခွင့်ရှိရမည်။
၄၆။ (က) ဗဟိုဘဏ်သည် ထုတ်ဝေထားသည့်သုံးစွဲငွေ လက်ဝယ်ရှိသူများက တောင်းခံပါက တန်ဖိုးအလိုက်လဲလှယ်ပေးရမည်၊
(ခ) တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူနှင့် ဒင်္ဂါးများကို အခြားတန်ဖိုးအမျိုးအစားဖြစ်သော တရားဝင်ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးများဖြင့်လဲလှယ်ရန် တောင်းဆိုသည့်အခါ ဘဏ်များသည် အခမဲ့လဲလှယ်ပေးရမည်၊
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ပျောက်ဆုံးသော သို့မဟုတ် ခိုးရာပါသော သို့မဟုတ် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန်ပျက်သော ငွေစက္ကူနှင့် ဒင်္ဂါးတစ်ခုခု၏ တန်ဖိုးကို ဗဟိုဘဏ်ထံမှ ရပိုင်ခွင့်အဖြစ် မည်သူမျှတောင်းဆိုခွင့်မရှိစေရ။ သို့ရာတွင် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန်မပျက်သော ငွေစက္ကူနှင့် ဒင်္ဂါးတန်ဖိုးကို လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်၍ ပြန်လည်ထုတ်ပေးနိုင်သည်။
၄၇။ ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲငွေနှင့် ကျပ်ငွေဖြင့်တန်ဖိုးသင့်ထားသော အခြားချက်ချင်းပေးရန် တာဝန်များပါဝင်သည့် မိမိ၏ ငွေကြေးပေးရန်တာဝန်များသည် နှစ်စဉ် ငွေရေးကြေးရေးစီမံချက်အရ ဖြစ်စေရမည်။ ဗဟိုဘဏ်သည် ယင်းစီမံချက်ကို ဝန်ကြီးဌာနနှင့်ညှိနှိုင်းရေးဆွဲရမည်။ ဗဟိုဘဏ်သည် မိမိ၏ အဓိကရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံခြားသုံးသီးသန့်ငွေနှင့် ဗဟိုဘဏ်ကထုတ်ချေးငွေများကို စီမံခန့်ခွဲမှုကို ဆက်စပ်ညှိနှိုင်းပေးရန်အလို့ငှာ ယင်းစီမံချက်ကို အဖွဲ့က သုံးလတစ်ကြိမ် ပြန်လည်သုံးသပ်ရမည်။