The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၁။        ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေဖြင့် (၃-၄-၄၈)ရက်နေ့တွင် ဗဟိုဘဏ် အဖြစ်တည်ထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်သည် အိန္ဒိယနိုင်ငံ ရီဇက်ဘဏ်၏ ရန်ကုန်ဘဏ်ခွဲ လုပ်ငန်းများကိုလွှဲပြောင်းယူခဲ့ပါသည်။ သို့ရာတွင် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အက်ဥပဒေကို ပြဌာန်းကာ ထိုဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်တည်ထောင်သောအခါ မြန်မာနိုင်ငံ တွင် ငွေစက္ကူထုတ်ဝေရန် ၁၉၄၆ ခုနှစ် ငွေကြေးအက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံငွေကြေးဘုတ်အဖွဲ့ကို ဖျက်သိမ်းပြီးနောက်တွင်မှ ဗဟိုဘဏ်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လာနိုင်ခဲ့ပြီး၊ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် ဘဏ်စတင်ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
၂။         ၁၉၅၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေအရ ပြည်ထောင်စုဘဏ်၏ ခွင့်ပြုမတည် ငွေရင်းအား ကျပ်သန်း (၄ဝ)ထားရှိပြီး၊ ငွေကျပ် (၁ဝ)သန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ် တွင် ပြည်သူ့ဘဏ်ဥပဒေပြဌာန်းပြီး၊ တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေကျပ် (၂ဝဝ)သန်းဖြင့် တည်ထောင်ခဲ့ပါသည်။
၃။        မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ်ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း၌ ဘဏ်များကို ပြည်သူပိုင် သိမ်းခဲ့ပြီး ၁၉၆၇ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်အက်ဥပဒေအရ ဘဏ်များအား စုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေးစနစ်ပြုပြင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ပြည့်သူ့လွှတ်တော်က ဘဏ်ဥပဒေကို ပြဌာန်းကာ၊ ပြည်သူ့ဘဏ်ကို ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် နှင့် မြန်မာ့စိုက်ပျိုးရေးဘဏ်ဟူသော နိုင်ငံပိုင်ဘဏ်(၄)ဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၅ခုနှစ် ဘဏ်ဥပဒေ အရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလမတည်ငွေရင်းသည် ကျပ်သန်း (၂ဝဝ)ဖြစ်ပြီး ယင်းငွေကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်ခဲ့ပါသည်။
၄။        ၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခဲ့ကာ ဈေးကွက်စီးပွားရေးမူဝါဒများနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ် ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့်ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငွေရေးကြေးရေး လုပ်ငန်း စွမ်းဆောင်မှုအရည်အသွေးမြင့်မားလာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉ဝ ပြည့်နှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ ထိုဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကျပ် သန်းပေါင်း (၅ဝဝ)အနက် ကျပ်သန်းပေါင်း (၂ဝဝ)ကို နိုင်ငံတော်ကထည့်ဝင်ခဲ့ပါသည်။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၂ ခုနှစ် ဥပဒေ(မူကြမ်း) (ပြည်သူ့လွှတ်တော်သို့ တင်ပြထားဆဲဥပဒေ) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်း သည် ကျပ်သန်းပေါင်း သုံးသိန်းဖြစ်သည်။ အဆိုပါ မတည်ငွေရင်းအနက် ငွေကျပ်သန်းပေါင်းတစ်သိန်းကို နိုင်ငံတော်မှ ထည့်ဝင်ရမည်ဖြစ်ပါသည်။
၅။        ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ဈေးနှုန်းများတည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်ခံ့တည်မြဲစေရန်ဖြစ်သည်။ ဗဟိုဘဏ်သည် မိမိရည်မှန်းချက်များ ပေါက်မြောက်အောင်ဆောင်ရွက်ရာတွင် ငွေကြေး တည်ငြိမ်ရေးနှင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးတို့ကို တိုးမြှင့်ခြင်း၊ ထိရောက်သော ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှု စနစ်များ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီပေးဆပ်နိုင်မှု၊ ငွေရေးကြေးရေးစနစ်၏ ခိုင်ခံ့မှုကိုတိုးတက်အောင် ဖော်ဆောင်ရန် နှင့် အစီအစဉ်တကျဟန်ချက်ညီညီနှင့် ရှင်သန်သောစီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေမည့် ငွေကြေး၊ ချေးငွေနှင့် ငွေရေး ကြေးရေးအခြေအနေများကို ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။
၆။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ)    နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊
(ဂ)    အစိုးရအား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊
(ဃ)    နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(င)    ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(စ)    ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
(ဆ)    ဘဏ်များ၏ နောက်ဆုံးအားထားရာ ငွေချေးသူအဖြစ် ဆောင်ရွက်ခြင်း၊
(ဇ)    ဘဏ်လုပ်ငန်း ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အစိုးရအချင်းချင်းကြား ထူထောင်ထားသော အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူ ပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံ ဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
၇။         ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်တွင် (၁-၄-၇၆)ရက်နေ့၌ အရာထမ်း (၈၅) ဦး၊ အမှုထမ်း (၈၄၅) ဦး၊ စုစုပေါင်းဝန်ထမ်း (၉၃ဝ)ဦးရှိခဲ့ပါသည်။ ၁၉၈၁ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့တွင် နိုင်ငံတော်ကောင်စီက အရာထမ်း (၁ဝဝ)ဦး၊ အမှုထမ်း (၁၂၃၃)ဦး၊ စုစုပေါင်းဝန်ထမ်း (၁၃၃၃)ဦးသို့ ဖွဲ့စည်းပုံတိုးချဲ့ပေးခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ပြောင်းလဲလာသော စီးပွားရေးစနစ်ကြောင့် ဘဏ်လုပ်ငန်းများပိုမိုများပြားလာသဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က (၂၈-၁၂-၈၉)ရက်နေ့တွင် အရာထမ်း (၁၅၁)ဦး၊ အမှုထမ်း (၁၅ဝ၅)ဦး၊ စုစုပေါင်းဝန်ထမ်း (၁၆၅၆)ဦး ရှိဖွဲ့စည်းပုံကို ခွင့်ပြုခဲ့ပြီး၊ စီမံခန့်ခွဲရေးဌာန၊ ငွေကြေးဌာန၊ စာရင်းဌာန၊ ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းများကြီးကြပ်စစ်ဆေးရေး ဌာန၊ သုတေသနနှင့်အလုပ်သင်ကြားရေးဌာနနှင့် လုံခြုံရေးဌာနဟူသော ဌာနကြီး (၆) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။
၈။        နိုင်ငံတော်တွင် နိုင်ငံပိုင်ကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံခြားသုံးငွေသုံးစွဲမှုများကိုပါ စီမံခန့်ခွဲရန် လိုအပ်လာသောကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၃-၁၂-၁၉၉၂)ရက်နေ့၊ ခွင့်ပြုချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကိုဖွင့်လှစ်ကာ နိုင်ငံခြားငွေစီမံခန့်ခွဲမှုလုပ်ငန်းများကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ထံမှ လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့ပါသည်။
၉။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည့်နိုင်ငံများမှ ဗဟိုဘဏ်များ ကဲ့သို့ပင် ဘဏ်လုပ်ငန်းဆိုင်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို စိစစ်ချမှတ်သည့်လုပ်ငန်းဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်အရ (၁-၁-၂ဝဝ၁) ရက်နေ့တွင် ဘဏ်လုပ်ငန်းစိစစ်ရေးဌာနကို ဖွင့်လှစ်ခဲ့ပါသည်။
၁ဝ။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား ၁၉၉၆ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ စက်မှုလမ်းအမှတ် (၂၆) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် (၂၆-၁-၂ဝဝ၆) ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးချုုပ်အား နေပြည်တော်ရှိ ရုံးအမှတ် (၂၆) နေရာသို့ ယာယီပြောင်းရွှေ့ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံကို နေပြည်တော်ရုံးချုပ်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ၊ အရာထမ်း (၁၈၁)ဦး၊ အမှုထမ်း (၁၃၄၁)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁၅၂၂)ဦးဖြင့် ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခဲ့ပါသည်။ (၂-၁ဝ-၂ဝ၁ဝ) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးချုပ်အား ရုံးအမှတ် (၅၅)သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
၁၁။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် (၂၀၁၁)ခုနှစ်တွင် ပြောင်းလဲလာသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ဖွဲ့စည်းမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် လိုအပ်လာခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီမှုဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ကျင့်သုံးမည့် စီးပွားရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒများကို အထောက်အကူပြုစေ နိုင်သော ငွေကြေးမူဝါဒများကို အချိန်နှင့်တစ်ပြေးညီ ပီပြင်စွာဖော်ဆောင်ကျင့်သုံးနိုင်ရန် လိုအပ်လာခြင်း၊ ဈေးကွက် စီးပွားရေးစနစ်နှင့်လျော်ညီစွာ လွတ်လပ်သောဗဟိုဘဏ်အဖြစ် သီးခြားရပ်တည်နိုင်ရန် နိုင်ငံတကာဗဟိုဘဏ်များ နည်းတူ ငွေရေးကြေးရေးတည်ငြိမ်မှုအား အဓိကတာဝန်ယူဆောင်ရွက်နိုင်ရန်၊ ဌာနများတိုးချဲ့ဖွဲ့စည်းရန် လိုအပ်လာ ခြင်းတို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အတွက် (၈-၁၁-၂၀၁၂)ရက်နေ့တွင် အရာထမ်း (၄၉၄)ဦးနှင့် အမှုထမ်း (၂၀၃၁)ဦး၊  စုစုပေါင်းဝန်ထမ်း (၂၅၂၅)ဦး ရှိသော ဖွဲ့စည်းပုံကို ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် အောက်ဖော်ပြပါဌာနကြီး (၁၅) ခုဖြင့် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-
(က)    ဥက္ကဌရုံး
(ခ)    စီမံခန့်ခွဲမှုနှင့်နည်းပညာဌာန
(ဂ)    ငွေရေးငွေကြေးအဖွဲ့အစည်းများကြပ်မတ်ကွပ်ကဲရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာန
(ဂ)    ငွေရေးကြေးရေးအဖွဲ့အစည်းများကြီးကြပ်စစ်ဆေးရေးဌာန
(ဃ)    ငွေရေးကြေးရေးဈေးကွက်ဌာန
(င)    မူဝါဒရေးရာသုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းဌာန
(စ)    ငွေရေးကြေးရေး၊ သတင်း၊ စစ်ဆေးရေးနှင့် လေ့လာရေးဌာန
(ဆ)    ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာန
(ဇ)    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန
(ဈ)    ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ဌာန
(ည)    ဘဏ်တွင်းစာရင်းစစ်ဌာန
(ဋ)    ငွေကြေးမူဝါဒရေးရာဌာန
(ဌ)    ရန်ကုန်ဘဏ်ခွဲ
(ဍ)    မန္တလေးဘဏ်ခွဲ
(ဎ)    ဒါရိုက်တာအဖွဲ့အတွင်းရေးမှူး
၁၂။        ငွေအကြွေနှင့် ငွေစက္ကူကိုင်တွယ်သုံးစွဲရာတွင် အဆင်ပြေလွယ်ကူစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ၁၉၉ဝ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ၁ဝပြား၊ ၂၅ပြား၊ ၅ဝပြား၊ ၁ိ/-၊ ၅ိ/-၊ ၁ဝိ/- တန် ငွေအကြွေများ၊ ၅ဝိ/-တန်နှင့် ၁ဝဝိ/-တန်ငွေဒင်္ဂါးများကိုလည်းကောင်း၊ ငွေစက္ကူများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ပုံပါ ၁ိ/-တန်ကိုလည်းကောင်း၊ မြန်မာ့ တူရိယာစောင်းရုပ်ပုံပါ ၅ဝ ပြားတန်ငွေစက္ကူနှင့် ကေသရာဇာခြင်္သေ့မင်းရုပ်ပုံပါ ၁ိ/-၊ ၅ိ/-၊ ၁ဝိ/-၊ ၂ဝိ/-၊ ၅ဝိ/-၊ ၁ဝဝိ/-၊ ၂ဝဝိ/-၊ ၅ဝဝိ/- နှင့် ၁ဝဝဝိ/-တန် တို့ကိုလည်းကောင်း၊ ဆင်ဖြူတော်ရုပ်ပုံပါ ၅ဝဝဝိ/-တန်ငွေစက္ကူသစ်ကို ၁-၁ဝ-၂ဝဝ၉ ရက်နေ့တွင်လည်းကောင်း၊  ဆင်ဖြူတော်ရုပ်ပုံပါ ၁ဝဝဝဝိ/-တန်ငွေစက္ကူအသစ်အား (၁၅-၆-၂၀၁၂) ရက‌်နေ့တွင် လည်းကောင်း နိုင်ငံတကာအဆင့်မီ ထုတ်ဝေခဲ့ပါသည်။
၁၃။        ပြည်တွင်း၌လှည့်လှည်သုံးစွဲရန် မသင့်တော်သော ဟောင်းနွမ်း၊ စုတ်ပြဲ၊ ချို့ယွင်းငွေစက္ကူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြန်လည်သိမ်းဆည်းပြီး၊ ချို့ယွင်းငွေစက္ကူများအား ကုန်ကြမ်းအဖြစ် အသုံးပြု၍ စက္ကူထုတ် လုပ်ရန်အတွက် စက္ကူစက်ရုံကို ပလိပ်မြို့၌ (၂၄-၃-၂ဝဝ၂) ရက်နေ့တွင်လည်းကောင်း၊ ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန်၌ (၂၅-၁၂-၂ဝဝ၃) ရက်နေ့တွင်လည်းကောင်း တည်ဆောက်ခဲ့ပါသည်။
၁၄။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း နိုင်ငံခြားငွေကိုင်တွယ်သုံးစွဲမှု အဆင်ပြေစေရန်နှင့် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များ အလွယ်တကူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၄-၂-၁၉၉၃) ရက်နေ့တွင် နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate) ၁ ယူနစ်၊ ၅ ယူနစ်၊ ၁ဝ ယူနစ်နှင့် ၁၉၉၆ ခုနှစ်တွင် ၂ဝ ယူနစ် နိုင်ငံခြားငွေလက်မှတ်များ ထုတ်ဝေခဲ့ပါသည်။ နိုင်ငံခြားငွေလက်မှတ်ကို မည်သူမဆိုကိုင်တွယ် အသုံးပြုနိုင်ပြီး နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် နိုင်ငံပိုင်ဘဏ်များတွင်လည်း နိုင်ငံခြားငွေလက်မှတ်ဖြင့် နိုင်ငံခြားသုံးငွေစာရင်း ဖွင့်ခွင့်ရှိပါသည်။
၁၅။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် (၁၅-၁-၁၉၉၁) ရက်နေ့မှစတင်၍ ရွှေဒင်္ဂါးများအား တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားတို့ဖြင့်လည်းကောင်း၊ (၂၁-၉-၂ဝဝ၅)ရက်နေ့မှစတင်၍ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား တို့ဖြင့်လည်းကောင်း၊ (၈-၁၁-၂ဝ၁ဝ) ရက်နေ့မှစတင်၍ ငါးကျပ်သား၊ တစ်ဆယ်ကျပ်သား၊ နှစ်ဆယ်ကျပ်သားတို့ဖြင့် လည်းကောင်း ထုတ်ဝေခဲ့ပြီး နေ့စဉ်ရွှေဈေးနှုန်းအပေါ်မူတည်၍ မြန်မာကျပ်ငွေဖြင့် သတ်မှတ်ရောင်းချခဲ့ပါသည်။
၁၆။        (၁၉၉၂)ခုနှစ်မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ဘဏ်လုပ်ငန်းလိုင်စင်များကို စိစစ်ထုတ်ပေး ခဲ့ရာ (၂ဝဝ၄)ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ် (၂၃)ဘဏ်ရှိလာခဲ့ပါသည်။ (၂၀၁၂)ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ပြည်တွင်းပုဂ္ဂလိကဘဏ်(၁၉)ဘဏ်သို့ လိုင်စင်ထုတ်ပေးထားပြီး ၎င်းဘဏ်များအနေဖြင့် ပြည်တွင်းကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ ဘဏ်ခွဲစုစုပေါင်း(၄၃၃)ဘဏ်ကို ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ (၂၀၁၂) ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးကုမ္ပဏီ (၁)ခုရှိပါသည်။
၁၇။        (၁၉၉၃)ခုနှစ်မှ (၂ဝ၁ဝ)ပြည့်နှစ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကခွင့်ပြုခဲ့သော နိုင်ငံခြားဘဏ်များ၏ ကိုယ်စားလှယ်ရုံးပေါင်း (၅ဝ)ရုံးရှိခဲ့ပါသည်။ (၁၉၉၇) ခုနှစ် အာရှငွေရေးကြေးရေး အကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံခြားဘဏ် (၃၈)ဘဏ်သည် ကိုယ်စားလှယ်ရုံးများပိတ်သိမ်းခဲ့ပါသည်။ (၂၀၁၂)ခုနှစ် နိုဝင်ဘာလကုန်အထိ စင်ကာပူ နိုင်ငံနှင့် ထိုင်းနိုင်ငံမှ (၄)ဘဏ်စီ၊ ဂျပန်နိုင်ငံမှ (၃)ဘဏ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ကိုရီးယားနိုင်ငံ များမှ (၂)ဘဏ်စီ၊ ဘရူနိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ (၁)ဘဏ်စီဖြင့် စုစုပေါင်းနိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး (၂၃)ရုံးလာရောက် ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံမှ ငွေရေးကြေးရေးကုမ္ပဏီကိုယ်စားလှယ်ရုံး (၁)ရုံးလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။
၁၈။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များ ငွေရေးကြေးရေး ခိုင်မာမှုရှိစေရန် ကြီးကြပ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင် ရွက်ခြင်းကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်စာရင်း ဇယားများကိုပေးပို့စေ၍ ဘဏ်များ၏ နေ့စဉ် ဘဏ္ဍာရေးအခြေအနေနှင့် အပတ်စဉ်၊ လစဉ် ဘဏ္ဍာရေးအခြေအနေ များကို အစီရင်ခံစာပြုစု တင်ပြလျက်ရှိပါသည်။
၁၉။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် (၂ဝဝ၂) ခုနှစ်တွင် ပြဌာန်းခဲ့သည် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေကို ဘဏ်များက ထိရောက်စွာ လိုက်နာ ဆောင်ရွက်နိုင်စေရန် စည်းမျဉ်း များ၊ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများတွင် ဘဏ်ဖောက်သည်၏ သတင်း အချက်အလက်များအား ဝီရိယပြုရယူ စိစစ်ခြင်း၊ မှတ်တမ်းပြုစုထိန်းသိမ်းခြင်းနှင့် သံသယဖြစ်ဖွယ် ငွေကြေး လွှဲပြောင်းမှုများနှင့် သတ်မှတ်ပမာဏနှင့်အထက် ကျော်လွန်သည့် ငွေကြေးလွှဲပြောင်းမှုသတင်းပေးပို့ခြင်း လိုအပ်ချက် တို့ အကျုံးဝင်ပါသည်။
၂၀။        မြန်မာနိုင်ငံသည် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့မှု ဆောင်ရွက်ချက်များ ကာကွယ် ထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၂၆၇) နှင့် (၁၃၇၃)အား အကောင် အထည်ဖော်လျက်ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကုလသမဂ္ဂမှထုတ်ပြန်သည့် စာရင်းဝင်များနှင့် ရရန်ပိုင်ခွင့်များကို ထိန်းချုပ်ထားရန်နှင့် သံသယရှိသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်း၏ စာရင်း လွှဲပြောင်းမှုများကိုတားမြစ်ရန်၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိပါသည်။
၂၁။        (၁၉၆၁) ခုနှစ်မှ (၁၉၈၉) ခုနှစ်အထိ ဗဟိုဘဏ်အတိုးနှုန်းကို (၄)ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာမှ ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးလာသည့်အခါ အတိုးနှုန်းများကို နိုင်ငံတော်၏စီးပွားရေး အခြေအနေနှင့် လိုက်လျောညီထွေ ရှိစေရန် (၁၉၈၉) ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှစ၍ တိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှ တစ်နှစ်လျှင် (၁၀%) ဖြစ်ပြီး၊ အပ်ငွေအဖြစ် အနည်းဆုံးအတိုးနှုန်းမှာ တစ်နှစ်လျှင် (၈%) နှင့် ချေးငွေအပေါ် အများဆုံးအတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၃ %) သတ်မှတ်ထားရှိပါသည်။
၂၂။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူများ ငွေကြေးစုဆောင်းမှု အခွင့်အလမ်းများ ပိုမိုရရှိလာပြီး အရင်းအနှီးဈေးကွက် ပေါ်ထွန်းလာရေးအတွက် အစိုးရကိုယ်စား (၃) နှစ်နှင့် (၅)နှစ်သက်တမ်းရှိ ကျပ်တစ်သောင်းတန် နှင့် ကျပ်တစ်သိန်းတန် အစိုးရငွေတိုက်စာချုုပ်များကို ရန်ကုန်မြို့တွင် (၁၉၉၃) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ လည်းကောင်း၊ မန္တလေးမြို့တွင် (၁၉၉၄) ခုနှစ်၊ ဇန်နဝါရီလမှစ၍လည်းကောင်း ထုတ်ဝေရောင်းချခဲ့ပါသည်။ (၃) နှစ် သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေတိုက် စာချုပ်များကို (၁၉၉၆) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍လည်းကောင်း၊ (၅)နှစ်သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေတိုက်စာချုုပ်ကို (၁၉၉၇) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် လည်းကောင်း ထုတ်ဝေရောင်းချခဲ့ပါသည်။ (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ (၂)နှစ် သက်တမ်းရှိ အစိုးရ ငွေတိုက်စာချုပ်များနှင့် ကျပ်(၁ဝ)သန်းတန် ငွေတိုက်စာချုပ်များကို တိုးချဲ့ထုတ်ဝေရောင်းချခဲ့ပါသည်။ (၂)နှစ် ငွေတိုက်စာချုပ်၊ (၃) နှစ်ငွေတိုက်စာချုပ်၊ (၅)နှစ် ငွေတိုက်စာချုပ်တို့အပေါ်ပေးသည့် အတိုးနှုန်းများမှာ (၁)နှစ်လျှင် (၈.၇၅%)၊ (၉%) နှင့် (၉.၅%) အသီးသီးဖြစ်ပါသည်။
၂၃။        မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အာဆီယံအဖွဲ့၏ ညီညွတ်မှု၊ စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုအတွက်လည်းကောင်း၊ ငွေရေးကြေးရေးကဏ္ဍတွင်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါ သည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အာဆီယံဗဟိုဘဏ်များ ဆွေးနွေးမှုဖိုရမ်အဖွဲ့ (ASEAN Central Bank Forum) တွင် ပါဝင်ခဲ့ပါသည်။
၂၄။        နိုင်ငံတော်ကိုထူထောင်ရာတွင် အဓိကကျသောလယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍ တို့ကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒလမ်းညွှန်ချက်များကို အထောက်အကူပြုနိုင်ရန် ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး ပိုမိုတည်တံ့ခိုင်မာရေးအတွက် ချမှတ်ထားသော မူဝါဒဘောင်အတွင်းမှ ဘဏ်များအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ဘဏ်တစ်ခုနှင့်တစ်ခု ကူညီရိုင်းပင်းရန်၊ ဘဏ်များ၏အကျိုးကို ပံ့ပိုးဆောင်ရွက်ပေးရေးကို ဦးဆောင်မှုပေးရန်နှင့် ပြည်သူများကဘဏ်များနှင့် ဘဏ်ဝန်ဆောင် မှုများကို အားကိုးသည့် အလေ့အထများ ပေါ်ထွန်းလာစေရန် (၁၉၉၉) ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ကုန်သွယ်မှုမူဝါဒ ကောင်စီအစည်းအဝေးအမှတ်စဉ် (၄/၉၉) ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဘဏ်များအသင်းကို စတင်တည်ထောင်ခဲ့ပါ သည်။ မြန်မာနိုင်ငံဘဏ်များအသင်းသည် လစဉ်ပုံမှန်အစည်းအဝေးများကျင်းပရန် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးညှိနှိုင်းပါသည်။ လိုအပ်ပါက အရေးပေါ်အစည်းအဝေးများကျင်းပပါသည်။
၂၅။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ရသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့် ပြည်ပရှိ နိုင်ငံခြားဘဏ်များ အကြား နိုင်ငံခြားငွေစာရင်းများ လွှဲပြောင်းပေးပို့ရာတွင် (၂ဝဝ၄) ခုနှစ် မတ်လမှစတင်၍ Society For Worldwide Interbank Financial Telecommunication (SWIFT) စနစ်သုံး၍ ဆောင်ရွက်ခဲ့ပါသည်။
၂၆။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ ရုံးချုပ်များအကြား ဘဏ်လုပ်ငန်း ဆက်သွယ်ရေးကွန်ယက်ကို (၂ဝဝ၈)ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင့်ဆင့်တည်ဆောက်ခဲ့ပါသည်။ အဆိုပါ ဘဏ် ဆက်သွယ်ရေးကွန်ယက်ဖြင့် Banking Network အဖွဲ့ဘဏ်များအကြား ရုံးစာနှင့်စာရင်းများကို On-line ဖြင့်အပြန်အလှန် ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွန်ယက်ကိုအသုံးပြု၍ ဘဏ်များ၏ ငွေရေးကြေးရေးတည်ငြိမ်မှုကို ဗဟိုဘဏ်မှ စောင့်ကြည့်ပြီး ကြိုတင်သတိပေးစနစ် (Early Warning System) လုပ်ငန်းကိုလည်းကောင်း၊ အီလက်ထရောနစ် နည်းပညာဖြင့် ဘဏ်အချင်းချင်း ငွေလွှဲများကိုပြောင်းခြင်း (Electronic Fund Transfer) လုပ်ငန်းကိုလည်းကောင်း၊ ဗဟိုဘဏ်နှင့် ဘဏ်များအကြား အလိုအလျောက်ချက်လက်မှတ်များ စာရင်းရှင်းလင်းခြင်း လုပ်ငန်းကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ငွေပေးချေမှုစနစ်တွင် လုံခြုံစိတ်ချ မြန်ဆန်မြင့်မားစေရန် Certified Cheque ကို (၂ဝဝ၈)ခုနှစ် ဇန်နဝါရီလမှ စတင်အသုံးပြုစေခဲ့ပါသည်။
၂၇။        ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သော အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို (၁-၇-၂ဝဝ၈) ရက်နေ့တွင်လည်းကောင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီများ ဖွံံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊ ငွေချေးသက်သေခံလက်မှတ် များလဲလှယ်ရောင်းဝယ်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းများ ပြုစုရေးဆပ်ကော်မတီ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းရေးဆပ်ကော်မတီ၊ လေ့ကျင့်ပညာပေးရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ စာရင်းကိုင်နှင့် စာရင်းစစ်များဆိုင်ရာ ဆပ်ကော်မတီဟူသော ဆပ်ကော်မတီ (၆)ခုကို (၁၉-၈-၂ဝဝ၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
၂၈။        မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက်ဖွံံ့ဖြိုးရေးအတွက် လမ်းပြမြေပုံချမှတ်ပြီး အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်ငွေတိုက်စာချုုပ်များကို ဗဟိုဘဏ်ကိုယ်စား မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့အား ရောင်းချစေခဲ့ပါသည်။ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပြဌာန်းနိုင်ရန်အတွက် မူကြမ်းရေးဆွဲကာ အဆင့်ဆင့်တင်ပြခဲ့ပြီး အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ရရှိပြီးဖြစ်၍ ပြည်သူ့လွှတ်တော်သို့ တင်ပြထားဆဲဖြစ်ပါသည်။

၂၉။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ပေါင်းစည်း ခြင်း (Exchange Rate Unification-ERU) အဖြစ် (၁.၄.၂၀၁၂)ရက်နေ့မှစတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား SDR နှင့် ချိတ်ဆက်ထားသည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်သစ် (Managed Floating Exchange Rate Regime) သို့ ပြောင်းလဲကျင့်သုံးလျက်ရှိပါသည်။
၃၀။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မှုနှုန်းများကို လိုက်လျော  ညီထွေဖြစ်စေမည့် ငွေကြေးမူဝါဒကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလက်ရှိ ကာလတွင် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိကငွေကြေးမူဝါဒ များအဖြစ် သီးသန့်ငွေလိုအပ်ချက်၊ အတိုးနှုန်းမူဝါဒနှင့် ငွေကြေးဈေးကွက်တွင် ငွေချေးစာချုုပ်များကိုရောင်းဝယ်ခြင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတွက် Exchange Rate တွက်ချက်သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၏ နိုင်ငံခြား ငွေရောင်းဝယ်လိုခြင်းများအတွက် နေ့စဉ် Auctionဆောင်ရွက်၍ ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ၏ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreign Exchange Reserve) အားစီမံခန့်ခွဲခြင်းစသော နည်းလမ်းများကို အသုံးပြုကာ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးစနစ်နှင့်ကိုက်ညီသည့် ငွေရေးကြေးရေးကဏ္ဍကို တည်ငြိမ်စေ လျက် ဈေးနှုန်းများတည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်ခံ့တည်မြဲစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

 

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 21st February 2020

Reference Exchange rate
(WA market rate)
1,450.5
Interbank Market WA rate 1,450.9
Bank-customer Market WA rate

1,450.0

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၃%

တစ်နှစ်လျင် ၁၆%

 

Economic Indicators (%)

GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(December 2019)
8.81 %
Year on Year Inflation
(December 2019)
9.45 %

     Source : Ministry of Planning and Finance