မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ကြီးကြပ်ဦးဆောင်မှုဖြင့် ရန်ကုန် နိုင်ငံခြားငွေကြေးဈေးကွက်ကော်မတီက သြဂုတ်၅ရက်တွင် စတင် အကောင်အထည် ဖော်မည့် ဘဏ်များအကြား နိုင်ငံခြားငွေကြေးဈေးကွက် ဖွင့်လှစ်ခြင်း အခမ်းအနားကို သြဂုတ်၁ရက် ညနေ၄နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ စုပေါင်းခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်နှင့် ရန်ကုန်နိုင်ငံခြားငွေကြေးဈေးကွက် ကော်မတီဥက္ကဋ္ဌ ဦးမြသန်းတို့ကနိုင်ငံခြားငွေကြေး ဈေးကွက်စတင်ခြင်းဆိုင်ရာအစီအစဉ်နှင့် ရည်မှန်းချက်များ ကိုရှင်းလင်းပြောကြားခဲ့ကြသည်။
ယခုစတင်သည့် နိုင်ငံခြားငွေကြေးဈေးကွက်သည် ဘဏ်များအကြား တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဈေးကွက်၏ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ငွေဖြစ်လွယ်မှု မြင့်မားခြင်း၊ လေ့လာထိန်းကျောင်းမှုကို ပီပြင်စွာဆောင်ရွက်နိုင်ခြင်း၊ ထိရောက်စွာ ပါဝင်ထိန်းသိမ်းနိုင်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။