The Republic of the Union of Myanmar

Central Bank of Myanmar

Information

Photo Gallery

Video Gallery

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၈  ရက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့်  ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအား အကောင်အထည်ဖော်ရန် ညွှန်ကြားချက် (၅)ရပ်အား ဆက်လက်ထုတ်ပြန်ရန်ရှိသဖြင့် တရားဝင်ထုတ်ပြန်ခြင်းမပြုမီ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအား ဖိတ်ကြား၍ အောက်ပါညွှန်ကြားချက်(မူကြမ်း)များ ဖြန့်ဝေခြင်းနှင့် ပဏာမရှင်းလင်းခြင်းအခမ်းအနားကို ၈-၁၀-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ပါသည်-

(က)     ဘဏ်၏ဒါရိုက်တာများဆိုင်ရာညွှန်ကြားချက်

(ခ)       အဓိကကျသည့်အကျိုးစီးပွားများရယူခြင်းဆိုင်ရာညွှန်ကြားချက်

(ဂ)       ဆက်နွှယ်သူများဆိုင်ရာညွှန်ကြားချက်

(ဃ)     ပြင်ပစာရင်းစစ်များဆိုင်ရာညွှန်ကြားချက်

(င)       သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များအတွက် ညွှန်ကြားချက်

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ မြန်မာနိုင်ငံစာရင်းကာင်စီ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ညွှန်ကြားချက် ၅ ရပ်(မူကြမ်း)များအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် Soft Copy CD ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌက ညွှန်ကြားချက်များင့်စပ်လျဉ်း၍ ပဏာမရှင်းလင်းဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအား အကောင်အထည်ဖော်ရန် ဘဏ်များ အားကောင်းခိုင်မာမှုဆိုင်ရာ အောက်ပါစည်းမျဉ်း (၄)ရပ်ကို ၇-၇-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်-

(က)     မတည်ငွေရင်းလုံလောက်မှုဆိုင်ရာစည်းမျဉ်း

(ခ)       ရရန်ပိုင်ခွင့်များအမျိုးအစားသတ်မှတ်ခြင်းနှင့်လျာထားခြင်းဆိုင်ရာစည်းမျဉ်း

(ဂ)       ပမာဏကြီးမားသောကြွေးမြီများဆိုင်ရာစည်းမျဉ်း

(ဃ)     ငွေကြေးလွယ်ကူမှုအချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆက်လက်ထုတ်ပြန်မည့် ညွှန်ကြားချက် (၅)ရပ်အပေါ်  မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များသည် မိမိတို့နှင့်သက်ဆိုင်သည့် ညွှန်ကြားချက်(မူကြမ်း)များနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို ၂၆-၁၀-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်ကြားရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါ အကြံပြုချက်များကို ညှိနှိုင်းရေးဆွဲ ပြီးနောက် ညွှန်ကြားချက်(နောက်ဆုံးမူကြမ်း)အား ယခုအစည်းအဝေးတက်ရောက်သည့် အဖွဲ့အစည်းများနှင့် ရှင်းလင်းသည့် အစည်းအဝေးကို ထပ်မံပြုလုပ်၍ ညွှန်ကြားချက်(၅)ရပ်ကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

အဆိုပါညွှန်ကြားချက်(၅)ရပ် ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာမှ ကျင့်သုံးနေသည့် စံနှုန်းများအရ ဆောင်ရွက်နိုင်စေရန်နှင့် ဘဏ်များအတွက် ကောင်းမွန်သောစီမံခန့်ခွဲမှုစနစ် တိုးတက်ဖွံ့ဖြိုး လာစေရန်တို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် (Regulatory Reform Process)၏ ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်