၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများအား နိုင်ငံခြားငွေ များကို ပြည်တွင်းသုံးကျပ်ငွေဖြင့် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကို ဆောင်ရွက်စေရန်အလို့ငှာ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence - M.C) ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ )ရက်နေ့မှစ၍ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။
၂။ (၂၆.၂.၂၀၁၃) ရက်နေ့အထိ ဖုန်းဖြင့်မေးမြန်းသူ၊ လူကိုယ်တိုင် လာရောက်စုံစမ်းသူ (၂၂၀)ဦးခန့်အနက် သတ်မှတ် အရည်အချင်းများနှင့် အချက်အလက်များ ပြည့်စုံသော ကုမ္ပဏီ (၉၉)ခု၏ စာတွဲများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနတွင် လက်ခံစိစစ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ အဆိုပါ အချက်အလက်များ ပြည့်စုံသော စာရွက်စာတမ်း အထောက်အထားများကို တင်ပြလာသည့် ကုမ္ပဏီများသည် နေ့စဉ်ထုတ် သတင်းစာများတွင် (၆.၁၂.၂၀၁၂)နေ့က ဖော်ပြခဲ့သည့် ကြေညာချက်တွင် ပါဝင်သော ငွေလဲလုပ်ငန်း ဆောင်ရွက်မည့်သူများတွင် ပြည့်စုံရမည့် အရည်အချင်းများ ကို တင်ပြနိုင်သည့် ကုမ္ပဏီများ ဖြစ်ကြပါသည်။
၄။ အကယ်၍ ကုမ္ပဏီတစ်ခုသည် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည့် ကြေညာချက်များကို သဘောပေါက် နားလည်ခြင်း မရှိသည့်အခါတွင်လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ၊ ဆက်သွယ်မေးမြန်းလျက်ရှိပြီး ဌာနအနေဖြင့်လည်း ပြည့်စုံရှင်းလင်းစွာဖြင့် အသိပေးဖြေကြားလျက်ရှိပါသည်။
၅။ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည့် ကြေညာချက်အတိုင်း သတ်မှတ်အရည်အချင်းများ ပြည့်စုံပါက သက်ဆိုင်ရာ ကုမ္ပဏီအလိုက် စာရွက်စာတမ်း အထောက်အထားများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက လက်ခံစိစစ်ပြီး လိုင်စင်ထုတ်ပေးနိုင်ရန်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူသွားမည် ဖြစ်ပါသည်။
၆။ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည့် ကြေညာချက်တွင် ပါဝင်သော ငွေလဲလုပ်ငန်း ဆောင်ရွက်မည့်သူများတွင် ပြည့်စုံရမည့် အရည်အချင်းများကို တင်ပြနိုင်သည့် ကုမ္ပဏီများဖြစ်ပါက နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် (Money Changer Licence - M.C) လုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး၊ ခွင့်ပြုမည့် လုပ်ငန်းအရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။
၇။ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရရှိသူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် မှတ်ပုံတင်ပြီးသကဲ့သို့ သတ်မှတ်သဖြင့် နှစ်စဉ်လိုင်စင် သက်တမ်းတိုးရန် မလိုပါ။
၈။ အထက်ဖော်ပြပါ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိသူများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၃၀.၁၁.၂၀၁၂)ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (အက်ဖ်အီးအမ်ဒီ- ၁၆/၂၀၁၂)ကို လိုက်နာကြရ မည်ဖြစ်ပါသည်။
၉။ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည်လည်း ငွေလဲကောင်တာ လုပ်ငန်းခွဲများကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူကာ နိုင်ငံတစ်ဝန်းတွင် တိုးချဲ့ဖွင့်လှစ်နိုင်ပါသည်။
၁၀။ ယခုအချိန်တွင် နိုင်ငံတဝှမ်းတွင် ဘဏ်(၁၈)ဘဏ်မှ ကောင်တာ(၂၁၂) ခု ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးသည့်အနက် ငွေလဲကောင်တာ(၁၁၃)ခုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့များ၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဝင်အထွက် များသည့် မြို့များတွင် ဖွင့်လှစ်ကာ အပြည့်အဝ လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။
၁၁။ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လုပ်ငန်း ကောင်တာများကို ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေမှာ ကုမ္ပဏီ(၃)ခုမှ ကောင်တာ(၅)ခုဖြင့် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။
၁၂။ ယခုအချိန်တွင် ကုမ္ပဏီ (၈)ခုအား လိုင်စင်စည်းကမ်းနှင့်အညီ စိစစ်ဆဲဖြစ်ပြီး သတ်မှတ် အရည်အချင်း/ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ပြီးပါက လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။