တန်ဖိုးငယ်ငွေစက္ကူကောလာဟလ မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ကြေညာ
ယခုရက်ပိုင်းကာလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေစက္ကူများအနက် တန်ဖိုးငယ် ငွေစက္ကူများဖြစ်သော ၅ိ/၊ ၁ဝိ/၊ ၂ဝိ/၊ ၅ဝိ/တန်များအား ပြန်လည်ရုပ်သိမ်းမည်ဟူသော ကောလာဟလများ ဖြစ်ပေါ်နေ ကြောင်း ကြားသိရပါသည်။ ၁၉၉ဝ ခုနှစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအခန်း(၃)ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ အပိုဒ်(၈)၊ အပိုဒ်ခွဲ(က)တွင် ငွေစက္ကူများ (သို့) ငွေဒင်္ဂါးများဖြစ်သော ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြပါရှိပါသည်။ ထို့အတူ အခန်း(၆) သုံးစွဲ ထုတ်ဝေခြင်း အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲနေသော မည်သည့် ငွေစက္ကူများ (သို့) ဒင်္ဂါးများကိုမဆို ရုပ်သိမ်းရန်လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသို့ ကြေညာချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ (သို့) ဒင်္ဂါးများအတွက် တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိအခြေအနေတွင် မည်သည့်ငွေစက္ကူကိုမျှ ရုပ်သိမ်းရန် အစီအစဉ် မရှိကြောင်း၊ သို့ဖြစ်ပါ၍ ၁၉၅၂ ခုနှစ်မှစ၍ ယခုကာလအထိ တရားမဝင်ကြေညာထားပြီးဖြစ်သော ငွေစက္ကူများ မှအပ ကျန်ငွေစက္ကူများဖြစ်သော ၁ိ/-တန်မှ ကျပ်တစ်သောင်းတန်အထိ ငွေစက္ကူအားလုံး တရားဝင် လှည့်လည်သုံးစွဲနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)